Friday, August 23, 2013

လာမည့် စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် မြန်မာနိုင်ငံ၌ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်

လာမည့် စက်တင်ဘာ၊ အောက်တိုဘာလတို့တွင် မြန်မာနိုင်ငံ၌ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်


Photo
လက်ရှိတွင် မြန်မာနိုင်ငံရှိ ဒေသအချို့၌ ရေကြီးမှုများ ဖြစ်ပွားနေပြီး လာမည့် စက်တင်ဘာ၊ အောက်တို ဘာလတို့တွင်ပါ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ၂-၈-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ် အမျိုးပေါင်း ၂၅၊ ၃၀ လောက်ရှိပါတယ်၊ မြန်မာပြည်မှာတော့ အကုန်လုံး မဖြစ်ပါဘူး၊ ငါးမျိုးခြောက်မျိုးလောက်ပဲ ဖြစ်ပါတယ်၊ ရေကြီးမှုတွေကတော့ မြန်မာနိုင်ငံက လူမျိုးတွေ အတွက်ကတော့ အမြဲကြုံနေရပါတယ်၊ မြန်မာနိုင်ငံမှာ ရေကြီးတာက တစ်နှစ်ကို သုံးကြိမ်လောက်ဖြစ်တယ်၊ ပထမတစ်ကြိမ်က ဇွန်မှာဖြစ်တယ်၊ ဒုတိယတစ်ကြိမ် က ဇူလိုင်၊ သြဂုတ်မှာဖြစ်တယ်၊ တတိယတစ်ကြိမ်က စက်တင်ဘာ၊ အောက်တိုဘာမှာ ဖြစ်တယ်၊ ကျွန်တော်တို့ ဇွန်မှာဖြစ်တုန်းကတော့ မသိသာခဲ့ဘူး၊ အခုဖြစ်တာကတော့ ဒုတိယအကြိမ်ပေါ့၊ နောက် စက်တင်ဘာ၊ အောက်တိုဘာမှာ ထပ်လာဦးမယ်၊ အဲ့ဒီကျရင် မုတ်သုံမိုးတင် မဟုတ်ဘူး၊ မုန်တိုင်းငယ်တွေပါ ပါလာမယ်” ဟု ယင်းက ပြောကြားသည်။
လက်ရှိရေကြီးမှုများသည် သြဂုတ်လ အလယ်ပိုင်းထိ ဖြစ်နိုင်ပြီး လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးရေး ထွက်ကုန်များ လျော့ကျလာပြီး နိုင်ငံတော်၏ ဂျီဒီပီပါ ကျဆင်းလာမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာကျော် နာဆာအဖွဲ့ကလည်း ဂြိုဟ်တုမှတစ်ဆင့် တစ်နာရီခွဲလျှင် တစ်ခါ မိုးရေချိန်၊ ရေဖုံးလွှမ်းရာနေရာ၊ ၂၄ နာရီအတွင်း၊ သုံးရက်အတွင်း၊ တစ်ပတ်အတွင်း ရွာသွန်းသည့် မိုးရေချိန်ကို အကြောင်းပြု၍ ဖြစ်လာမည့် သဘာဝဘေးအန္တရာယ် မြေမျက်နှာသွင်ပြင် အနေအထားတို့ကို ဓာတ်ပုံများ ထုတ်ပေးနေသည့်အတွက် ရေကြီးမှုကို ကြိုတင်သိရှိနိုင်ကြောင်း သိရသည်။ လက်ရှိ တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းဖြစ်ပွားနေပြီး ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားမည့် မုန်တိုင်း ၂၉ ခုအနက် ကိုးခုမြောက် မုန်တိုင်းဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့် မုန်တိုင်း ၂၀ တိုက်ခတ်လာလျှင် မကြာခင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မိုးပြန်ရလာမည် ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment